Sunday, September 07, 2008

ဆေးရောင်ခြည် လောကသား

ကလေးတစ်ယောက်ဟာ ငယ်စဉ်တုန်းကပင် ပန်းဆွဲတာကို အားသန်တယ်။ ဒီကလေးက သူများကလေးတွေလို မိဘတွေဆီမှာ မုန့်မတောင်းဘဲ ဆေးတံနှင့်စာအုပ်သာတောင်းတယ်။ မိဘတွေကလည်း ကလေးပန်ချီဆွဲတာကို သဘောမကျတော့ ကျောင်းစာကို ဖိလုပ်ဖို့ အကြပ်ကိုင်လိုက်တယ်။ ကလေးကစာကို စိတ်မ၀င်စားဘဲ ပန်းချီ ဆွဲတာကိုဘဲ စိတ်ထက်သန်နေတော့ ဒီတာဝန်ကို ကြောက်လို့သာလိုက်လျောနေရတယ်။ ဒါတွေကို ကလေးရဲ့ အတန်းပိုင်ဆရာက သိသွားတော့ ကလေးရဲ့ မိဘတွေကိုခေါ်ပြီး ကျွန်တော်ကို ကလေးနဲ့ပတ်သက်ပြီး နည်းနည်း လေးဆွေးနွေးခွင့်ပြုပါ ကျွန်တော်ကတော့ လူဆိုတာ ““အရာရာကို ကိုယ်အမြင်နဲ့ချဉ်း မကြည့်စေချင်ဘူး၊ ဘ၀မှာလူတွေဟာ ပါရမီချင်း လည်းမတူဘူး၊ အတွေးချင်းရော စိတ်ဓါတ်ချင်းလည်း မတူဘူး။ ကိုယ်စိတ် ကြိုက်သာ အရာရာကိုလုပ်နိုင်မယ်ဆိုရင် အားလုံးဟာ တူညီသောလူနေမှုဘ၀ တွေဖြစ်နေ ကြရောပေါ့။ စာရေးမှာလည်း စာရေးအဆင့်နဲ့ တွေးပြီးလုပ်မယ်၊ ရုံးစေကလည်း သူ့အဆင့်နဲ့သူ စဉ်းစားပြီးလုပ်ကြတယ်။ အားလုံးက သူ့အတွေ့အကြုံတွေနဲ့ သူတို့ကိုသူတို့ကြိုးစား လုပ်ဆောင်နေကြတယ်။ ဒါကြောင့် အရာရာကို ကိုယ့်ချင်းစာစိတ်မထားပဲ သူချင်းစာစိတ်ပဲထားပေးပါ။ ကိုယ်ချင်းစာစိတ်ဆိုတာ မျိုးက အမှန်အတိုင်းမဖြစ်စေဘဲ သူချင်းစာမှသာ မှန်ကန်နိုင်မှာပါ။ ဒီလိုပဲ သူတို့ရဲ့လိုအပ်ချက်တွေကို မေတ္တာထားပြီး နားလည်စွာပြောပြလိုက်ရင် နှစ်ဦးနှစ်ဘက် အကျိုးဖြစ်ထွန်းလာမှာဘဲမဟုတ်လား။ ကျွန်တော်တို့ငယ်ငယ်တုန်းက သင်ခဲ့တဲ့ဆရာဆိုရင် တပည့်တွေရဲ့ လိုအပ်ချက်လေးတွေကို သိအောင် အရင်ကြိုးစားပြီး မင်းကဘာလုပ်၊ မင်းရောဘာလုပ်ဘာလုပ် ဆိုပြီးဆုံးမတာ သူငယ်ချင်းတစ်ယောက်ဆိုရင် မင်းစာမသင်နဲ့တော့ ကျောင်းထွက်ပြီး နဖားကြိုးထိုးစား ငါသင်ပေးမယ်ဆိုပြီး ငါတို့နိုင်ငံက စိုက်ပျိုးရေးနိုင်ငံကွ မင်းကစာသင်လို့မတတ်နိုင်ဘူး နဖားကြိုးထိုးစားပြီး အသက်မွေးဝမ်းကြောင်းပြုရင် ကြီးပွားနိုင်မယ်ဆိုပြီး ကျောင်းထွက်ခိုင်းလိုက်တယ်။ ဒီလိုမျိုးပေါ့လေ လူလို့ ဖြစ်လာရင်တော့ ကျရာတာဝန်ကို သူ့နေရာသူ့အဆင့်သူအရည်အသွေးအလျောက် ၀င်ရောက်လုပ်ကိုင်ခြင်းဖြင့် ဆေးရောင်များ သူ့နေရာနဲ့ သူမှန်သွားလျှင် ထိုလူမှုအဖွဲ့အစည်းကြီး လှပသာယာ စိုပြည်သွားတော့တာဘဲ မဟုတ်လား။”” အဲဒီအခါမှ မိဘတွေလည်းကလေးကို အတင်းအကြပ်မလုပ်တော့ဘဲ သူ့စိတ်ရှိအတိုင်းဘဲ လုပ်ပိုင်ခွင့်ပေးထားလိုက်တယ်။
ဒီလိုပါဘဲ လူတို့မှာလည်း အဆင့်မည်မျှပင် ကွဲပြားနေစေကာမူ တစ်ဦးချင်းစီမှာ ကျွန်တော်တို့ မသိမမြင် နိုင်တဲ့ အရည်အသွေးကိုယ်စီတွေရှိကြတာပဲ၊ တနည်းအားဖြင့် လူသားအားလုံးဟာ လောကပန်းချီကားကြီးကို အရောင်ခြည်နိုင်ကြသည့် ရောင်စုံဆေးများသာမဟုတ်လား။ လူ့စွမ်းရည်ကို သူ့နေရာနှင့်သူသာ သုံးနိုင်လျှင် လောကတစ်ခွင်မှာ အသုံးမကျသော ဆေးရောင်ဆိုတာမရှိဘဲ သူ့နေရာနှင့်သူ သုံးစွဲနိုင်ကြတာဟာ အတတ် ပညာတစ်ခုဘဲလေ ကျွန်တော်တို့လည်း ဆေးရောင်တွေကို စိုစိုပြေပြေလှလှပပ နေရာတကျ သုံးစွဲတတ်အောင် လည်း ကြိုးစားကြရဦးမည်သာ ဖြစ်ပါတယ်။